
“Satyameva Jayate” အမှန်တရားကြောင့်ပဲ အောင်ပွဲဆင်ရမယ်တဲ့။ ဒီစကားကို လူတွေတွင်တွင်သုံးကြပေမယ့် လက်တွေ့ဘဝမှာတော့ ကြီးနိုင်ငယ်ညှင်းဝါဒကသာ နေရာတိုင်းမှာ ကြီးစိုးနေဆဲပါပဲ။ ဘယ်လောက်ပဲ လွတ်လပ်တဲ့နိုင်ငံ တရားမျှတတဲ့နိုင်ငံလို ကြွေးကြော်နေပါစေ ကျားမခွဲခြားမှု လူတန်းစားခွဲခြားမှု ဓနရှင်တွေရဲ့အုပ်စိုးမှုတွေ ကင်းစင်နေတဲ့နေရာမရှိသေးပါဘူး။ ဒီဖြစ်ရပ်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ Jana Gana Manaဆိုတဲ့ရုပ်ရှင်လေးကို ယနေ့မှာတင်ဆက်ပေးလိုက်ရပါတယ်။
ဆာဘာမာရီယန်ဆိုတဲ့ ဗဟိုတက္ကသိုလ်ကပရော်ဖက်ဆာ၊ ကျောင်းသားတွေရဲ့အသဲနှလုံးဆိုရင်လည်း မမှားတဲ့ တပည့်တိုင်းရဲ့လမ်းပြကြယ်လေးတစ်ပွင့်။ ဒီလိုဆရာမလေးရဲ့ အဓမ္မပြုကျင့်ပြီး မီးရှိသတ်ခံရတဲ့သတင်းက ကျောင်းသားတွေကြားမှာ ရိုက်ခတ်သွားစေခဲ့တယ်။ ဒါပေမဲ့ ဗဟိုတက္ကသိုလ်အုပ်ချုပ်ရေးမှူးတွေကအစ ရဲတွေကပါ ဒီအမှုက အမှုမဲ့အမှတ်မဲ့ထားထားကြပါတယ်။ ဒါကိုမကျေနပ်တဲ့ကျောင်းသားတွေက ငြိမ်းချမ်းစွာဆန္ဒထွက်ပြတာကို ရဲတွေရဲ့ရက်ရက်စက်စက်နှိမ်နင်းမှု လူစုခွဲမှုကအစပြုလို တစ်နိုင်ငံလုံးမှာ ကျောင်းသားဆန္ဒပြပွဲတွေ တောမီးသဖွယ်ပျံ့နှံသွားတာပေါ့။ အဲဒီမှာ ဗဟိုအစိုးရကနေ လက်ထောက်ရဲမင်းကြီးဖြစ်သူဆာဂျန်ကို အမှုကိုတာဝန်ယူစစ်ဆေးဖို တာဝန်ပေးပြီးတော့ လူသတ်သမား ၄ ယောက်ကို ရှာဖွေဖမ်းဆီးစေတယ်။ ဒါပေမဲ့ ဆာဂျန်က လူသတ်သမား ၄ ယောက်ကို မဖမ်းဆီးဘဲ ဥပဒေကိုချိုးဖောက်ကာ ပစ်သတ်လိုက်ပြီးတော့ နေ့ချင်းညချင်း ပြည်သူ့သူရဲကောင်းကြီးဘဝရောက်သွားပါတော့တယ်။
ဆာဂျန်ကဘာဖြစ်လို လူသတ်သမားတွေကို ရှင်းပစ်ရတာလဲ။ ဆာဘာအသတ်ခံရခြင်းရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ နာမည်ကြီးလာတဲ့အမှုအခင်းတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလှည့်ကွက်တွေနဲ့ နောက်ကွယ်ကကြိုးကိုင်သူအာဏာရှင်တွေကရော ဘယ်သူတွေဖြစ်မလဲ ဒါတွေကိုရှေ့နေလေးအာရာဗင့်ကို ဖော်ထုတ်နိုင်မလားဆိုတာကို ဒီကားလေးမှာရှုစားရမှာဖြစ်ပါတယ်။ လူ့သဘောသဘာဝနဲ့ ပတ်ဝန်းကျင်မှာ လက်တွေ့မှာဖြစ်ပျက်နေတဲ့ တရားမျှတမှုတို ဆိတ်သုဉ်းနေတဲ့ဖြစ်ရပ်တွေကြားက ခါးသီးတဲ့အမှန်တရားကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုသူတွေကို တွေးစရာတွေပေးခဲ့မယ့်ကားလေးအဖြစ် ရည်ညွှန်းလိုက်ရပါတယ်။
Reviewed by Marychrist